Six Jars Rule(ကရားခြောက်လုံး ငွေရေးကြေးရေး စီမံခံ့ခွဲမှုစနစ်)

29 March 2023


New York Times ရဲ့ရောင်းအားအကောင်းဆုံး စာရေးဆရာလည်းဖြစ်၊ Multi-Millionaire တစ်ယောက်လည်းဖြစ်တဲ့ T.Harv Eker 6 Jars Money Management System အကြောင်းပြန်လည်ဝေမျှပေးချင်ပါတယ်။

ကိုယ့်လုပ်အားနဲ့ရရှိလာတဲ့ငွေတွေကို ဘဝရှေ့ရေးအတွက် အကျိုးရှိစွာ ခွဲဝေသုံးစွဲနိုင်ဖို့ရန်အတွက် ညွှန်ပြထားတဲ့ System တစ်ခုဖြစ်ပါတယ်။
ဝင်ငွေကို (၆) ပုံခွဲပြီး ဖန်ပုလင်းတွေထဲမှာ ထည့်သွင်းစုဆောင်းတဲ့ ပုံစံမျိုးနဲ့တင်ပြထားတာဖြစ်တဲ့ အတွက် 6 Jars System လို့ခေါ်တာပါ။
တကယ့်လက်တွေ့မှာတော့ ဖန်ပုလင်း၊ စုဗူး၊ Bank Account အစရှိသဖြင့် အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။

1. Necessity Account (NEC – 55%)

NEC လို့ခေါ်တဲ့ ဒီ Account ထဲမှာ ဝင်ငွေရဲ့ 55% ကိုထည့်သွင်းဖို့ပြောပါတယ်။ ဒီ Account ကတော့ နေ့စဉ် စားဝတ်နေရေးတွေအတွက် လိုတဲ့အသုံးစရိတ်တွေကို သုံးဖို့ဖြစ်ပါတယ်။

2. Play Account (PLY – 10%)

ဒီ Account ကတော့ မိမိနှင့်တကွ မိသားစုရဲ့ပျော်စရာအချိန်လေးတွေကို ဖန်တီးပေးဖို့ အတွက်တစ်လတစ်ကြိမ် 10% မကုန် ကုန်အောင်သုံးရမယ့် Account ဖြစ်ပါတယ်။ ဥပမာ။ ။တစ်လတစ်ကြိမ် ရုပ်ရှင်ကြည့်တာမျိုး၊ စားသောက်ဆိုင်ကောင်းကောင်းမှာ သွားစားတာမျိိုးတို့အတွက် သုံးစွဲဖို့ဖြစ်ပါတယ်။ အလုပ်တွေပဲ စွပ်လုပ်နေပြီး မိသားစုအတွက်ပျော်ရွှင်စရာ အချိန်တွေမဖန်တီး နိုင်ခဲ့ရင် အချိန်ကြာလာတာနဲ့အမျှ အလုပ်နဲ့ ဘဝကိုငြီးငွေ့လာတတ်ကြလို့ပါ။ ဒီ Account ကို တစ်လတစ်ကြိမ်ကုန်အောင်သုံးဖို့ လိုအပ်ပါတယ်။

3. Financial Freedom Account (FFA 10%)

ဒီ Account ကိုတော့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စုဆောင်းတာဖြစ်ပြီး တစ်ချိန်မှာ ဒီ Account ထဲက ပိုက်ဆံတွေက ကိုယ့်အတွက် အလုပ်ပြန်လုပ်ပေးနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်။ တစ်နေ့တစ်လုံး မှန်မှန်ဥပေးမယ့် ငန်းကိုမသတ်စားဖို့လည်း ပြောထားပါသေးတယ်။ ဆိုလိုတာကတော့ ဒီ Account ထဲက ပိုက်ဆံကို ဘယ်နည်းနဲ့မှ မသုံးမိဖို့ပါ။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ (RoT) ပြန်လည်ရရှိလာခဲ့ရင်တောင် အကျိုးအမြတ်များကိုသာသုံးစွဲပြီး ရင်းနှီးမတည်ငွေကိုတော့ မသုံးရပါဘူး။ မိမိအနေနဲ့ လုံးဝဥဿုံ ငွေကြေးအမှီအခိုကင်းပြီး (Financially Free) ဖြစ်သွားတဲ့ အချိန်ကျမှ ထုတ်သုံးသင့်ပါတယ်။

4. Education Account (EDU 10%)

ဒီ Account ထဲက 10% ကတော့ ကိုယ့်ရဲ့ ပညာရေး (သို့) Personal Development အတွက် သုံးစွဲဖို့ဖြစ်ပါတယ်။ မိမိကိုယ်ဟာ ကိုယ့်အတွက် အဖိုးအထိုက်တန်ဆုံး ရရန်ပိုင်ခွင့် (Asset) ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး မိမိကိုယ်မှာပြန်ပြီး ရင်းနှီးမြှုပ်နှံတာဟာ ဒီ 10% ကိုအသုံးချဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီ 10% ထဲမှာ ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်များ၊ မဂ္ဂဇင်းများ၊ CD များဝယ်ယူခြင်းများလည်း ပါဝင်ပါတယ်။

5. Long-term Saving for Spending Acount (LTS 10%)

ဒီ 10% ကတော့ ရေရှည်မှာ အကုန်အကျများမယ့် ကိစ္စတွေအတွက် ကြိုတင်စုဆောင်းထားခြင်းဖြစ်ပါတယ်။ အိမ်အတွက် ၃ နှစ် ၁ ခါ TV လဲတာမျိုး၊ ကလေးများအတွက် ပညာရေးစရိတ်၊ ကျန်းမာရေးစရိတ်စုဆောင်းထားတာမျိုး ဖြစ်ပါတယ်။ သုံးရမယ့် ခေါင်းစဉ်တွေများနေရင် LTS 10% ကို လိုသလို ထပ်ပြီးစိတ်ပိုင်းနိုင်ပါတယ်။

6. Give Account (GIV 5%)

ဒီ 5% ကတော့ လှူဖို့တန်းဖို့နဲ့ ပေးကမ်းစွန့်ကြဲဖို့ဖြစ်ပါတယ်။ လမ်းထဲက ကလေးတွေကိုမုန့်ဝယ်ကျွေးတာကစလို့ ဘုရားတည်ကျောင်းဆောက်တာတို့ ဖောင်ဒေးရှင်းထောင်တာတို့ အထိပါ ပါတယ်။ ဒီ Give Account ထဲမှာ ငွေကြေး 5% အပြင် အချိန်ကိုပါ ထည့်သွင်းပေးထားပါတယ်။ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ တတ်နိုင်သလောက် Volunteer အဖြစ်ဝင်ရောက်လုပ်ကိုင်ပေးတာမျိုးကိုဆိုလိုပါတယ်။
တကယ်တမ်းလုပ်မယ်ဆိုရင် ဝင်ငွေ အနည်းအများထက် လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဝင်ငွေများရင်လည်း များတဲ့အလျှောက် နည်းရင်လည်းနည်းတဲ့အလျှောက် အသုံးဝင်တဲ့ System တစ်ခုဖြစ်ပါတယ်။