မိမိ၏အဖွဲ့ကိုမှန်ကန်စွာ လှုံ့ဆော်တွန်းအားပေးခြင်း

16 December 2021


ကြီးမြတ်သောခေါင်းဆောင်များသည် ဝန်ထမ်းများ၏အလုပ်ကို လမ်းညွှန်ရုံထက်မက သူတို့ပတ်ဝန်းကျင်ကလူတိုင်းကို အကောင်းဆုံးကြိုးစားဖို့ လှုံ့ဆော်ပေးပြီး စိန်ခေါ်မှုများမှတစ်ဆင့် အလုပ်များကို ပြီးမြောက်ရန် ကူညီပေးကြပါတယ်။
ခေါင်းဆောင်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ မိမိအဖွဲ့ကို မှန်ကန်စွာ တွန်းအားပေးခြင်းဖြစ်ပါတယ်။
အကောင်းဆုံးရလဒ်များရရှိရန် လှုံ့ဆော်မှုနှင့် စေ့ဆော်မှုတွင် ဟန်ချက်ညီညီနှင့် တွန်းအားပေးရန်မှာ အရေးကြီးလှပါတယ်။ ဟန်ချက်ညီညီ တွန်းအားမပေးတတ်ပါက ဝန်ထမ်းများပေါ်တွင် ဖိအားများသာသက်ရောက်ပြီး မိမိလိုချင်သောရလဒ်များကို ရရှိဖို့ မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် ဒီနေ့မှာတော့ ပိုမိုထိရောက်စွာ လှုံ့ဆော်ပေးနိုင်သော နည်းပညာများကို ဖော်ပြပေးသွားပါမယ်။

၁။ ဝန်ထမ်းများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးပါ။

သိပ္ပံနည်းကျ သုတေသနပြုချက်များအရ လူသားများတွင် အခြေခံလိုအပ်ချက် သုံးမျိုးရှိပါတယ်။ လုံခြုံမှုရှိသည်ဟု ခံစားမိခြင်း၊ မိမိနှင့်သက်ဆိုင်သည်ဟု ခံစားမိခြင်းနှင့် မိမိသည်အရေးပါသည် ခံစားမိခြင်း တို့ဖြစ်ပါတယ်။ ဤလိုအပ်ချက်များသည် တစ်စုံတစ်ဦး၏နေ့စဉ်နေထိုင်မှုတွင် သိသာထင်ရှားစွာ အရေးကြီးပြီး အလုပ်ခွင်တွင်လည်း အရေးပါသော လိုအပ်ချက်များဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်တွေ ပြည့်မီတဲ့အခါ ဝန်ထမ်းများသည် မိမိတို့၏ အရေးပါမှုကိုသိမြင်စေပြီး တာဝန်များကို ပြီးမြောက် စေပါတယ်။
ခေါင်းဆောင်တွေအနေနဲ့ အလုပ်ခွင်ကို ဝန်းထမ်းအားလုံးအတွက် သက်ဆိုင်သည်ဟု ခံစားရသော ပတ်ဝန်းကျင်ကို တည်ဆောက်ရန် အရေးကြီးပါတယ်။ အထူးသဖြင့် လူနည်းစုဝန်ထမ်းများနှင့်
လုပ်ငန်းခွင်မှာ မကြာခဏ ခွဲခြားဆက်ဆံခံရတဲ့သူတွေအတွက် ပိုမို၍အရေးကြီးပါတယ်။

၂။ ပူးပေါင်းဆောင်ရွက်သော အလုပ်ခွင်တစ်ခု ဖန်တီးပါ။

အောင်မြင်နေသော ခေါင်းဆောင်များသည် အစည်းအဝေးတခုတွင် လုပ်ဆောင်ရမည့်အရာများကို ရိုးရိုးရှင်းရှင်းနှင့် ဆုံးဖြတ်ပြီး အခန်းထဲက မထွက်သွားပါဘူး။ သူတို့ရဲ့ စကားဟာ နောက်ဆုံးပြောစရာလို့ မယူဆပါဘူး။
သူတို့ ဝန်ထမ်းတွေမှာ ဆွေးနွေးသောအလုပ်ကိစ္စနှင့်ပက်သက်၍ အကြံညဏ်တချို့ ရှိကောင်း ရှိနိုင် တယ် ဆိုတာ သူတို့ နားလည် ပါတယ်။ ပိုမိုပူးပေါင်းဆောင်ရွက် နိုင်သောပတ်ဝန်းကျင် တခုဖြစ်မြောက်ရန် ဦးစားပေးလေ့ရှိကြပါတယ်။

၃။ သင်၏ “ဗဟိုပြုမှု” ကို မြှင့်တင်ပါ။

တစ်စုံတစ်ဦးအား ကောင်းမွန်သော ခေါင်းဆောင်တစ်ဦးဖြစ်စေရန် ကူညီပေးနိုင်သည့် အရည်အချင်းများစွာရှိသည်။ Bain & Company မှ 2017 လေ့လာမှုတစ်ခုတွင် အရည်အချင်း ၃၃ ခုကို ဖော်ထုတ်ခဲ့သည်။
သို့သော် ဖြစ်နိုင်ချေရှိသော အချက်အားလုံးကို ၎င်းတို့၏ သုတေသနက ကောက်ချက်ချခဲ့ရာတွင်
“ဗဟိုပြုခြင်း”– အထူးသဖြင့် အများအား စာနာနားလည်ရန်၊ နားထောင်ရန်မှာ အဓိကကျသောအချက်ဖြစ်သည်။ ဤသို့ စိတ်သဘော ထားခြင်းသည် ဝန်ထမ်းများကို တန်ဖိုးထားမှုခံစားရစေရန် ကူညီပေးသည်။
သင်၏ဝန်ထမ်းများကို မှန်ကန်စွာလှုံ့ဆော်တွန်းအားပေးခြင်းဖြင့် သင်သည် အမှန်တကယ် ကောင်းမွန်သော ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် လမ်းကြောင်းပေါ်တွင် တည်ရှိနေပါလိမ့်မည်။