သင့် CV Form မှာ ဘာလို့အချက်အလက်အမှန်တွေပဲ ထည့်သင့်တာလဲ။

18 July 2022


Reed Screening အဖွဲ့အစည်းက လုပ်ထားတဲ့စစ်တမ်းအရဆိုရင် CV Form မှာ အများဆုံးလိမ်ညာထည့်သွင်းတတ်ကြတာကတော့ အလုပ်အကိုင်ဝင်ရောက်တဲ့နေ့ရက်တွေပဲဖြစ်ပါတယ်။ အလုပ်တခုနဲ့တခုကြားမှာ အချိန်ကွာဟမှုကိုလျှော့ချကြဖို့အတွက် အများစုက အလုပ်ဝင်ရောက်တဲ့နေ့စွဲတွေကို ပြင်ထားလေ့ရှိကြပါတယ်တဲ့။ သူ့နောက်မှာတော့ စာမေးပွဲအမှတ်စာရင်းတွေနဲ့ အလုပ်ရာထူးတွေကို လိမ်ညာထည့်သွင်းလေ့ရှိကြတာကိုတွေ့ရပါတယ်။ ထို့အပြင် လျှောက်လွှာ ၄ ခုမှာ ၁ခုက အတည်မပြုနိုင်သော အချက်အလက်တွေပါနေတဲ့ လျှောက်လွှာတွေဖြစ်နေတတ်ကြပါတယ်တဲ့။

UK Higher Education Degree Datacheck ကလုပ်တဲ့ နောက်ထပ် စစ်တမ်းတစ်ခုအရဆိုရင်တော့ ဘွဲ့ရသူဦးရေရဲ့ ၃၃% က CV Form မှာ အချက်အလက်များကို အတုအယောင်ပြုလုပ်ထားကြောင်း တွေ့ခဲ့ရပါတယ်။ အဆိုပါစစ်တမ်းရလဒ်တွေအရဆိုရင်တော့ လူတော်တော်များများက သူတို့ရဲ့ CV မှာ အတုအယောင်အချက်အလက်တွေနဲ့ အလုပ်ဝင်လျှောက်လေ့ရှိကြတာကို တွေ့နိုင်ပါတယ်။

ကိုယ့်အနေနဲ့အသေးအဖွဲလေးတွေဆိုပေမယ့်လို့ တချို့ကြီးကြီးမားမား အတု‌အယောင်အချက်အလက်တွေကတော့ ဥပဒေပိုင်းဆိုင်ရာ အရေးယူမှုတွေနဲ့ ကြုံတွေ့နိုင်တာမို့ CV Form တွေမှာ အတုအယောင်အချက်အလက်တွေကို လိမ်ညာပြီး မဖြည့်ကြဖို့ကလည်း အလွန်အရေးကြီးပါတယ်။

အတုအယောင်အချက်အလက်တွေကင်းတဲ့ CV Form တွေနဲ့ ကိုယ့်ကိုစိတ်ဝင်စားမှုရှိလာအောင် ဘယ်လိုလုပ်နိုင်မလဲ။

သင့် CV Form မှာ သင့်အရင်အလုပ်တွေက တာဝန်ဝတ္တရားတွေကို ဆက်တိုက်ဖြည့်သွင်းထားတာထက် သင်ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အောင်မြင်မှုအကြောင်းတွေကို ရေးပေးတာပိုသင့်တော်ပါတယ်တဲ့။ အလုပ်ရှင်တွေအနေနဲ့ သင့် အရင်အလုပ်တွေက တာဝန်ဝတ္တရားတွေထက် သင်ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အောင်မြင်မှုတွေကို ပိုစိတ်ဝင်စားကြတာမို့ CV Form ကို တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းနဲ့ အရေးကြီးအချက်အလက်တွေကို ပထမစာမျက်နှာမှာတင် တတ်နိုင်သမျှပေးနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်တဲ့။

လိမ်ညာလိုတဲ့ဆန္ဒမရှိပေမယ့် တချို့ CV Form တွေမှာ မတိကျမသေချာတဲ့ အချက်အလက်တွေပါသွားတတ်တာတော့ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့်လို့ မိမိ CV Form က အချက်အလက်တိုင်းအတွက် မိမိမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်ဆိုတာကို သတိချပ်သင့်ပါတယ်။ ကိုယ့်မှာ Linkedin အကောင့်ရှိတယ်ဆိုရင်တော့ မိမိ CV Form ထဲက အချက်အလက်တွေနဲ့ Linkedin အကောင့်ထဲက အချက်အလက်တွေဟာ ထပ်တူကျမှုရှိဖို့လည်း လိုအပ်သေးတယ်။ မဟုတ်ရင်တော့ အလုပ်ရှင်တွေအနေနဲ့ သင့်အပေါ် ယုံကြည်မှုလျော့နည်းသွားမှာဖြစ်လို့ပါလိမ့်မယ်။