ထိရောက်မှုရှိသော ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို မန်နေဂျာများနှင့် စတင်လိုက်ပါ။

20 July 2022


ဝန်ထမ်းအပြောင်းအလဲတွေများပြားလာတာနဲ့အတူ ကုမ္ပဏီတွေအတွက် အရည်အချင်းရှိဝန်ထမ်းတွေကို ရှာဖွေခန့်ထားဖို့နဲ့ ထိန်းထားနိုင်ဖို့က အလွန်အရေးကြီးလာပါတယ်။ အရည်အချင်းရှိဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေကို ပြင်ဆင်ထားရှိလာကြပါတယ်။

၉၅ ရာခိုင်နှုန်းသော ဝန်ထမ်းတွေဟာ သူတို့ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးရင်းနှီးမြှုပ်နှံပေးတဲ့ လုပ်ငန်းတွေမှာပဲဖြတ်သန်းချင်တယ်လို့ ဆိုကြပါတယ်။
ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်တဲ့နည်းပညာတွေအသုံးပြုလာကြပေမယ့်လို့ နောက်ထပ်ပိုကောင်းတဲ့နည်းလမ်းတခုကတော့ သူတို့နဲ့ အနီးကပ်ဆုံးမန်နေဂျာတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ့် ကုမ္ပဏီတွေအနေနဲ့ကတော့ အောက်ကအချက်လေးတွေကို ပြင်ဆင်ထားဖို့လိုပါတယ်။

၁။ မန်နေဂျာတွေကို လိုအပ်ချက်တွေပြောခွင့်ပေးပါ။

ကိုယ့်အဖွဲ့သားတွေရဲ့ လိုအပ်ချက်တွေကို အနီးစပ်ဆုံးဖြစ်တဲ့ မန်နေဂျာတွေက အသိဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အထိရောက်ဆုံးဖြစ်စေမယ့် ဝန်ထမ်းဖွံ့ဖြိုးရေးအပိုင်းကို မန်နေဂျာတွေဆီကနေ နားထောင်ပေးဖို့လိုအပ်ပါတယ်။ ပိုကောင်းမွန်တဲ့ လေ့ကျင့်ရေးအစီအမံတွေနဲ့ လိုအပ်ချက်တဲ့အရည်အချင်းတွေဖြည့်ဆည်းပေးနိုင်မယ့် အစီအစဥ်တွေချမှတ်တဲ့အခါ မန်နေဂျာတွေကိုလည်း ထည့်သွင်းပြောဆိုခွင့်ပေးဖို့လိုအပ်ပါတယ်။

၂။ လေ့လာမှုပုံစံနဲ့ ရည်ရွယ်ချက်များရှိပါစေ။

အလုပ်များနေတဲ့ အဖွဲ့သားတွေကို အသစ်အဆန်းတွေလေ့လာဖို့ပြောဖို့ဆိုတာ မန်နေဂျာတွေအတွက် ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လို့ ဒါဟာ လုပ်ကိုလုပ်ရမယ့်အချက်တခုဖြစ်လို့နေပါတယ်။ ဒီအချက်ကိုဖြေရှင်းဖို့ကတော့ ရုံးမှာ လေ့လာဖို့နေရာနဲ့ လေ့လာဖို့အချိန် ထားရှိပေးဖို့လိုပါတယ်။ အဖွဲ့သားတွေအတွက် ရှင်းလင်းမှုရှိတဲ့ လေ့လာမှုရည်ရွယ်ချက်တွေနဲ့ လေ့လာမှုပုံစံတွေကို ချမှတ်ပေးထားဖို့လည်းလိုပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ရလဒ်တခုကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

၃။ မန်နေဂျာတွေအတွက် သီးသန့်တာဝန်တခုထားရှိပေးပါ။

ကုမ္ပဏီတွေရဲ့ ဝန်ထမ်းဖွံ့ဖြိုးရေးအစီအစဥ်အများစုမှာ မန်နေဂျာတွေကို ဘေးဖယ်စဥ်းစားလေ့ရှိတာကို တွေ့ရပါတယ်။ တကယ်တမ်းဆိုရင်တော့ မန်နေဂျာတွေဟာ HR တွေထက် ကိုယ့်အသင်းသားတွေရဲ့ လိုအပ်ချက်နဲ့ အားသာချက်တွေကို ပိုသိမြင်ကြသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဝန်ထမ်းဖွံ့ဖြိုးရေးအစီအစဥ်တွေချမှတ်တော့မယ်ဆိုရင် မန်နေဂျာတွေကိုထည့်သွင်းစဥ်းစားပြီးတော့ သီးသန့်ဝာာဝန်တခု သတ်သတ်မှတ်မှတ်ထားရှိပေးဖို့လိုအပ်ပါတယ်။

၄။ အဖွဲ့သားတွေရဲ့ လေ့လာသင်ယူထားမှုတွေကို အသုံးချနိုင်အောင် မန်နေဂျာတွေကို ကူညီပေးပါ။

မန်နေဂျာတွေရဲ့ နောက်တာဝန်တခုကတော့ အဖွဲ့သားတွေရဲ့ လေ့လာသင်ယူထားတာတွေကို လက်တွေ့အသုံးချခွင့်ပေးဖို့ဖြစ်ပါတယ်။ ဒီလိုခွင့်ပြုပေးဖို့အတွက် မန်နေဂျာတွေမှာ အခွင့်အာဏာရှိထားဖို့လည်း လိုအပ်ပါသေးတယ်။ ဒါ့ကြောင့်မို့ ဝန်ထမ်းဖွံ့ဖြိုးရေးအစီအစဥ်တွေနဲ့အတူ မန်နေဂျာတွေကိုလည်း လိုအပ်တဲ့အခွင့်အာဏာတွေထားရှိကူညီပေးဖို့လိုအပ်ပါတယ်။

၅။ မန်နေဂျာတွေရဲ့ အသံကို နားထောင်ပေးပါ။

ဝန်ထမ်းဖွံ့ဖြိုးရေးအစီအစဥ်အများစုမှာဆိုရင် ပါဝင်သူဝန်ထမ်းတွေရဲ့ အသံကိုပဲနားထောင်ပေးဖို့ကြိုးစားကြတာတွေ့ရပါတယ်။ ဒါပေမယ့်လို့ ဒီအစီအစဥ်တွေပြီးဆုံးသွားချိန်မှာ ပါဝင်သူဝန်ထမ်းတွေသာမက မန်နေဂျာတွေရဲ့ အသံကိုလည်း နားထောင်ပေးဖို့လိုအပ်ပါတယ်။ သို့မှသာ ဝန်ထမ်းဖွံ့ဖြိုးရေးအစီအစဥ်တွေရဲ့ ထိရောက်မှု၊ အသုံးဝင်မှုနဲ့ အကျိုးရှိမှုတို့ကို ကောင်းမွန်စွာသိရှိနားလည်နိုင်မှာဖြစ်ပါတယ်။